
ဒွါရာဝတီ
သံတွဲ၊ စက်တင်ဘာ ၆၊ ၂၀၂၄။
စစ်ကောင်စီက အင်အား ၁၂၀၀ကျော်ဖြင့် ခုခံခဲ့သည့် သံတွဲဒေသ၏ နောက်ဆုံးလက်ကျန် စစ်ကောင်စီစခန်းတခုဖြစ်သည့် မောင်ရွှေလေး ရေတပ်စခန်းကို ယမန်နေ့ညနေက အပြီးသတ် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း အာရက္ခတပ်တော်(အေအေ)က ယနေ့ တရားဝင်ထုတ်ပြန်လိုက်သည်။

သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းကြီးတစ်ခုဖြစ်သော ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) (တနည်းအားဖြင့်) Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းနှင့် ၎င်းပတ်ဝန်းကျင်မှ အဆင့်ဆင့်ခုခံကြသော စစ်ကောင်စီစစ်ကြောင်းများအား အေအေက ဩဂုတ် ၇ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး၊ ၁နီးပါးအကြာတွင် ယခုကဲ့သို့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သံတွဲမြို့နှင့် မိုင်ပေါင်း ၃၀ ဝန်းကျင်အကွာ၊ သပြုချိုင်ဆိပ်ကမ်းအနီး၊ မောင်ရွှေလေးရွာနှင့် ကွင်းဝိုင်းရွာအကြား၌တည်ရှိသော အဆိုပါ ရေတပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီသည် အဆင့်ဆင့်သော ခုခံစစ်ကို လေကြောင်း၊ ရေကြောင်းပစ်ကူအများအပြားဖြင့် ခုခံခဲ့သော်လည်း ၁ လအတွင်း အဆိုပါစခန်းအား လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဤပင်မရေတပ်စခန်း CNDSD နှင့် ၎င်းပတ်ဝန်းကျင်၌ စစ်ကောင်စီ စုစုပေါင်းအင်အား ၁၂၀၀ ကျော်ရှိခဲ့ပြီး၊ စစ်ရှုံး၍ နေရာစုံမှ ထွက်ပြေးလွတ်မြောက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လောလောလတ်လတ် စစ်သင်တန်းဆင်းလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြားသောနေရာများမှ စစ်ကူအမြောက်အမြားတို့ဖြင့် အင်အားဖြည့်တင်းထားသော နေရာလည်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီသည် ဤစခန်းမကျစေရေးအတွက် ပင်လယ်ပြင် နှင့် စခန်းအတွင်းမှ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးပြီး ခုခံကာကွယ်ခဲ့သော စခန်းကြီးတစ်ခုဖြစ်ကာအဆိုပါ ရေတပ်စခန်းအား အေအေက ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း

စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် ၄၀၀ ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး၊ အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ၎င်းတို့၏ ဒဏ်ရာရ၊ ကျဆုံးသော သူများကို စစ်သင်္ဘောများဖြင့် သယ်ဆောင်ပြီး စစ်တွေ နှင့် ဧရာဝတီတိုင်းဖက်သို့ အကြိမ်ကြိမ်သယ်ယူရွှေ့ပြောင်းသွားနိုင်ခဲ့ပြီး၊ တိုက်ပွဲအတွင်း သေဆုံးခဲ့သည် စစ်ကောင်စီတပ်သား အလောင်းများအား ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း အေအေ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ရှုံးစစ်ကောင်စီသည် စခန်းများစွန့်လွှတ်ကျရှုံးသည့်အခါတိုင်း၌ ပြုလုပ်လေ့ရှိသည့်အတိုင်း အရပ်သားပြည်သူလူထုများရှိရာသို့ လက်နက်ကြီး၊ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ပြီး လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်းဖော်ပြထားသည်။

အာရက္ခတပ်တော်(အေအေ)သည် သံတွဲဒေသအတွင်းရှိ၊ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ခလရ ၅၅၊ ခမရ ၅၆၆ နှင့် ယခုနောက်ဆုံးလက်ကျန် ရေတပ်စခန်းကို သိမ်းယူနိုင်ခဲ့ပြီဖြစ်ရာ သံတွဲဒေသကို စစ်ကောင်စီက ရာနှုန်းပြည့် လက်လွှတ်ဆုံးရှုံးလိုက်ရပြီဖြစ်သည်။

သံတွဲဒေသ တိုက်ပွဲများအတွင်း ဒေသခံ အရပ်သားပြည်သူ ရာနှင့်ချီ သေဆုံးခဲ့ကာ၊ ဆယ်နှင့်ချီ ကိုယ်လက်အင်္ဂါများ ဆုံးရှုံးခဲ့ကြရကာ၊ သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် လူနေအိမ်များစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

သံတွဲမြို့နယ်အတွင်းက ဒေသခံ သောင်းနှင့်ချီကာ စစ်ဘေးမှ တိမ်းရှောင်နေကြရသည်။



Thanks for sharing. I read many of your blog posts, cool, your blog is very good. https://www.binance.com/sl/register?ref=GQ1JXNRE