
ရေကြည်၊ ၂၇၊ မတ်၊ ၂၀၂၅။
ရခိုင်ပြည်ပြင်ပ မြို့များမှ ရခိုင်ပြည်နယ်တောင်ပိုင်းသို့ ပြန်ဝင်ရန် ကြိုးစားနေသည့် စစ်ရှောင် ရခိုင်တိုင်းရင်းသားများကို စစ်ကောင်စီက ဖမ်းဆီးခြင်း၊ ငွေနှင့် ရွှေထည်ပစ္စည်းများ အတင်းအကြပ် ယူငင်ခြင်းများ ပြုလုပ်နေကြောင်း ကိုယ်တွေ့ ကြုံခဲ့သူများနှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။
ရခိုင်ပြည်နယ်တောင်ပိုင်းသို့ ဝင်ရောက်ရန် အနီးဆုံးလမ်းကြောင်းဖြစ်သည့် ဧရာဝတီတိုင်း၊ ပန်းတနော်၊ ရေကြည်နှင့် ငါးသိုင်းချောင်း စသည့်မြို့များရှိ တည်းခိုခန်းများတွင် ခရီးတထောက် နားစဉ် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံကြရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
“ရေကြည်မှာ တည်းခိုခန်းဝင်တည်းတဲ့လူတွေကိုဖမ်းတာ၊ တယောက်ကို ၃၃ သိန်းတောင်းပြီး ရန်ကုန်ဘက် ပြန်လွှတ်လိုက်တယ်” ဟု ဖမ်းဆီး ခံရသူများထဲတွင် ၎င်း၏မိတ်ဆွေကိုယ်တိုင် ပါဝင်ခဲ့သူအမျိုးသားတဦးက ယခုတပတ်အတွင်း ဖြစ်ပျက်ခဲ့သည့်အခြေအနေများကို ဒွါရာဝတီသို့ ပြောသည်။

အလားတူ ပန်းတနော်မြို့ရှိ တည်းခိုခန်းတခုတွင် ခရီးတထောက်နားနေစဉ် မိသားစုဝင်တဦး အဖမ်းခံခဲ့ရသူ တဦးက “ဧည့်စာရင်းဆိုပြီး ဝင်စစ်တာ၊ ဘာမှမမေးဘဲ ရဲစခန်းတန်းခေါ်သွားတယ်၊ ခရီးသည်အမျိုးသမီးတွေကို နားကပ်က အစ၊ လက်ထဲမှာပါတဲ့ ပိုက်ဆံတွေကအစ အကုန်ယူတယ်၊ AA ဆီကို သွားမှာမလား ဘာညာဆိုပြီး စစ်တယ်၊ ကားသမားဆီကလည်း ခရီးသည်တွေဆီက လမ်းစရိတ်ပေးထားတဲ့ငွေတွေ အကုန်တောင်းပြီး ရိုက်နှက်စစ်တယ်” ဟု မတ်လလယ်က ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်ကို ပြန်လည်ပြောပြသည်။
အချို့က ပြန်လွတ်လာသော်လည်း၊ အချို့ကို ဆက်လက်ဖမ်းဆီးထားကာ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်နေသူများလည်းရှိကြောင်း ဖမ်းဆီးခံရသူများနှင့် အဆက်အစပ် ရှိသူများထံမှသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်လည်မှစတင်ကာ အာရက္ခတပ်တော်(အေအေ) နှင့် စစ်ကောင်စီတပ်တို့ကြား ပြင်းထန်ခဲ့သည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တောင်ဘက်ခြမ်း သံတွဲနှင့် ဂွမြို့နယ်များမှ ဒေသခံများသည် အရေးပေါ်နေရပ်စွန့်ခွာကာ အနီးဆုံးရိုးမဖြတ်ကျော်လမ်းဖြစ်သည့် ဂွ-ငါးသိုင်းချောင်း-ရေကြည်-အသုတ်လမ်းကို အသုံးပြုကာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းများသို့ စစ်ဘေးရှောင်နေကြရသည်မှာ နှစ်ဝက်ကျော် ကြာမြင့်လာပြီဖြစ်သည်။
ယင်းသို့ ရခိုင်မှထွက်ခွာကာ စစ်ဘေးရှောင်ကြစဉ်ကလည်း လမ်းခရီးတွင် စစ်ကောင်စီဂိတ်များမှ ငွေညှစ်ခြင်း၊ ဖြတ်သန်းခွင့်ပိတ်ပင်ခြင်းများ ပြုလုပ်သည့်ဒဏ်ကို ရခိုင်စစ်ရှောင်များ ခံခဲ့ကြရသည်။ ထိုသို့ ရခိုင်ပြင်ပ မြို့နယ်များသို့ စစ်ရှောင်နေသည့် ရခိုင်တိုင်းရင်းသားများကို စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းများက နေထိုင်ခွင့်တင်းကျပ်ခြင်း၊ ၁၁ မျဉ်းစောင်း မှတ်ပုံတင်ကိုင် ဆောင်ထားသူများကို ဖမ်းဆီးခြင်းများ အဆက်မပြတ်ပြုလုပ်ခဲ့ခြင်းများ စသည့် ဘေးမကင်းသည့် အခြေအနေများကြောင့် စစ်ကောင်စီကင်းစင်သွားပြီဖြစ်သည့် ရခိုင်သို့ ပြန်ဝင်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

ပြည်မမှ ရခိုင်ပြည်တောင်ပိုင်းသို့ တောလမ်းမှ ဝင်ထွက်နိုင်ရန် ခရီးအကွာအဝေးပေါ် မူတည်၍ ကယ်ရီခ၊ ကားခများမှာ ကျပ် ၃ သိန်း၊ ၇သိန်းနှင့် ၁၀ သိန်းဝန်းကျင်ဈေးရှိကြောင်း ပြန်ဝင်ရန် စုံစမ်းနေကြသည့် ရခိုင်စစ်ရှောင်အချို့ထံမှ သိရသည်။