
ပုံ-တောင်ကုတ်မြို့လမ်းဆုံ။
တောင်ကုတ်၊ ဩဂုတ်လ ၁၅ ရက်၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ တောင်ကုတ်-မအီလမ်းပိုင်းအနီးရှိ ဆားပြင်ကျေးရွာအုပ်စု ကုန်းဘောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံး ၂ လုံး ကြဲချကြောင်း တောင်ကုတ်မြို့ ဒေသခံများက ပြောသည်။
လေယာဉ်မှ အသေးစား လက်ပစ်ဗုံးသာသာခန့်ဖြင့် ကြဲချခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှု တစုံတရာ မကြားသိရသေးကြောင်း တောင်ကုတ်မြို့ပေါ်ရပ်ကွက်မှ ဒေသခံတစ်ဦးက ဒွါရာဝတီသို့ပြောသည်။
“တိုက်ပွဲ မဟုတ် လေယာဉ်နှင့် ပစ်သွားတာ၊ အသေးစား လက်ပစ်ဗုံးသာသာ၊ ပြီးတော့ သေနတ်နဲ့လည်း ပစ်လို့တော့ ကြားတယ်၊ သေချာတော့မသိသေးဘူး” ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။
တောင်ကုတ်မြို့တွင် ဩဂုတ်လ ၁၄ ရက် မွန်းလွဲပိုင်းမှ စတင်ကာ အင်တာနက်လိုင်းများ ပြတ်တောက် နေခဲ့ပြီး ယနေ့ ဩဂုတ်လ ၁၅ ရက် ညနေတွင် အင်တာနက်လိုင်း အနည်းငယ် ပြန်ရနေကြောင်း ဒေသခံများက ပြောသည်။
တောင်ကုတ်မြို့ပေါ်နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ထူးခြားဖြစ်စဉ် တစုံတရာ မကြားရသော်လည်း လိုင်းပြတ်တောက်မှုများကြောင့် မြို့တွင်ကျန်ရှိနေသည့် မိသားစုများကို စိုးရိမ်ပူပန်လျက်ရှိကြောင်း ရန်ကုန်မြို့တွင် ဆေးဝါးကုသမှုခံယူနေသည့် တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“မြို့တွင်းကတော့ ပုံမှန်ပါပဲ ထူးရှား မရှိ” ဟု ဒေသခံတဦးက ပြောသည်။
ဩဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဖုန်းအော်ပရေတာများ အားလုံးနှင့် အင်တာနက်ဝိုင်ဖိုင်လိုင်းပါ ပြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“လိုင်းက မနေ့က မနက်တည်းက ဖြတ်ထားတာ ခုညနေမှ ပြန်ရတာ ညနေက အော်ရီဒူး ပေါ်လိုက် ပျောက်လိုက်နဲ့ အခု မိုင်တဲ သုံးတာပါ ပြောနေရင်း ပျောက်သွားပြန်ပြီ” ဟု ဒေသခံတစ်ဦးက ဒွါရာဝတီသို့ ဖြေကြားနေစဉ် အင်တာနက်လိုင်းထပ်မံ ပြတ်တောက်သွားသည်။
ဆက်သွယ်ရေးလိုင်းများ မည်သည့်အတွက် ဖြတ်တောက်သည်ကို ဒေသခံများအနေဖြင့် မသိရှိကြသလို လေယာဉ်ဗုံးကြဲသည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် တိုက်ပွဲများ တကြော့ပြန်ဖြစ်ပွားတော့ မည်ကို စိုးရိမ်နေကြရကြောင်း မြို့ခံများက ပြောသည်။
ဩဂုတ် ၁၃ ရက် ညနေ ၄ နာရီခန့်တွင် ၃၄၆ တပ်နှင့် တောင်ကုတ်တက္ကသိုလ်အနီးသို့ လေယာဉ်ပေါ်မှ လေထီးများ ချနေသည်ကို ဒေသခံများက တွေ့ရှိခဲ့ကြသလို၊ တောင်ကုတ်မြို့၏ တောင်ဘက် နာရေးရုံးအရှေ့ရှိ သုသာန်ဟောင်းတောင်ခြေတွင် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်း နင်းမိ၍ ဒေသခံ ၁ဦး ခြေဖဝါးပြတ်ရှဒဏ်ရာ ရရှိခဲ့သည်။