ArticleNews Feature

ပုသိမ်လေယာဉ်ကွင်းကို အသုံးပြုပြီး ရခိုင်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်နေသည့် စစ်တပ်

ဒွါရာဝတီ၊ အောက်တိုဘာ ၁၃၊ ၂၀၂၄။

စစ်ကောင်စီက ပုသိမ်လေယာဉ်ကွင်းကို ပြန်လည်ပြုပြင်နေပြီး မကြာမီ ခရီးသည်တင် လေကြောင်း လိုင်းများ ပြေးဆွဲမည်ဟု သတင်းထုတ်ပြန်ထားသည်။

သို့သော် အာဏာသိမ်းစစ်တပ်သည် အဆိုပါလေယာဉ်ကွင်းကို အသုံးပြုပြီး ရခိုင်ပြည်နယ်တောင်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေကြသည်ဟု လေ့လာစောင့်ကြည့်သူများက ပြော သည်။

စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ယခုလ ၉ ရက်က ပုသိမ်လေဆိပ် ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်လေ့လာခဲ့ကြောင်း စစ်ကောင်စီ၏ Myanmar National Portal စာမျက်နှာတွင် ရေးသားထားသည်။

အောက်တိုဘာ ၁၃ ရက်မှ စတင်ကာ ပုသိမ်လေဆိပ်မှ ရန်ကုန်၊ မန္တလေး၊ ညောင်ဦး စသည့်မြို့များသို့ မြန်မာ့အမျိုးသား လေကြောင်းလိုင်း(MNA)နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(MAI)တို့က တပတ်လျှင် ၄ ရက် အသွားအပြန်ပြေးဆွဲသွားမည်ဟု စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားကြောင်း ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ယင်းသို့ ခရီးသည်လေယာဉ် ပြေးဆွဲမည်ဟု စစ်ကောင်စီက အကြောင်းပြထားသော်လည်း ပုသိမ်လေတပ်သည် ပုသိမ်လေယာဉ်ကွင်းကို အသုံးပြုကာ ဂျက်ဖိုက်တာများဖြင့် ရခိုင်တောင်ပိုင်းဒေသသို့ လေကြောင်း တိုက်ခိုက်မှု များ နေ့စဉ် ပြုလုပ်လျှက်ရှိကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။

“ပုသိမ်လေတပ်ကနေ JF-17 ဂျက်ဖိုက်တာတွေနဲ့ ရခိုင်ကို တိုက်ခိုက်နေတယ်၊ ပြည်သူကို အကာအကွယ်ယူမယ်၊ အင်အားဖြည့်တင်းမယ်” ဟု Nas- နိုင်ငံတလွှားလေကြောင်းကင်းထောက် (Early Warning) အဖွဲ့မှ တာဝန်ရှိသူတဦးက ဒွါရာဝတီသို့ပြောသည်။

ပုသိမ်မြို့ လေဆိပ်။

Nas- နိုင်ငံတလွှား လေကြောင်းကင်းထောက်အဖွဲ့၏ မှတ်တမ်းများအရ စစ်ကောင်စီလေတပ်သည် ပုသိမ်လေယာဉ်ကွင်းကို သြဂုတ်လဆန်းပိုင်းကတည်းက စတင်အသုံးပြုကာ ရခိုင်ပြည်ဘက်သို့ ကြိမ်ဖန်များစွာ ပျံသန်းခဲ့ကြောင်း သိရသည်။

ရခိုင်တောင်ပိုင်းဒေသတွင်းတိုက်ပွဲများကို စောင့်ကြည့်လေ့လာနေသူတဦးက “ပုသိမ်သတင်းတပ်ဖွဲ့က လေယာဉ် တက်တယ်လို့ သတင်းတင်တာနဲ့ ဂွဖက်ကို ဖုန်းနဲ့လှမ်းပြီး ကြည့်ခိုင်းရင် မိနစ် ၂၀ ဝန်းကျင် လောက်ဆို ရောက်လာတာကို ၄၊ ၅ကြိမ်လောက်သတိထားမိတယ်” ဟု ဒွါရာဝတီသို့ ပြောသည်။

အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲပြင်းထန်နေသည့် ဂွမြို့နယ်၊ စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးထားရသည့် သံတွဲမြို့နယ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းမရှိသည့် တောက်ကုတ်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်နေခြင်းကြောင့် သြဂုတ်လကတည်းက စတင်ကာ ယခုအချိန်အထိ အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာပြင်းထန်ခြင်းများ ဆက်တိုက်ဖြစ်ပေါ်လျှက်ရှိသည်။

“တခါကြဲပြီး တခါပြန်တဲ့လေယာဉ်က တော်သေးတယ်၊ အခုက ရွာတွေကို တနာရီလောက် ဝဲကြည့်ပြီး စိတ်ကြိုက်ကြဲတာ၊ အဲ့ဒါပိုကြောက်ဖို့ကောင်းတယ်၊ လေယာဉ် ၇ စီးလောက် အသွားအပြန်ကို ကြဲတာ၊ တရက်လုံးဖြန့်ပြီးကြဲတာ” ဟု ဂွမြို့နယ် တိုက်ပွဲဇုန်အနီးကျေးရွာတရွာမှ ဒေသခံတဦးက အောက်တိုဘာ ၁၁ရက်နေ့က နေ့ရောညပါ လေကြောင်းဗုံးကြဲခံနေရသည့် အခြေအနေကို ဒွါရာဝတီသို့ပြောသည်။

အေအေနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများသည် သံတွဲ-ဂွလမ်းပေါ်ရှိ ဒယ်ပုတ်နှင့် ဘဲအင်း စသည့်ကျေးရွာများ အနီးတဝိုက်တွင်လည်းကောင်း၊ သပြုချောင်း၊ ကူးတို့လေး၊ ကံပေါက် စသည့် ပင်လယ်ကမ်းနား တလျှောက်ကျေးရွာများတွင်လည်းကောင်း ဆက်လက် ဖြစ်ပွားနေပြီး၊ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။ သြဂုတ်လ ၁၀ရက်ကစတင်ခဲ့သည့် ကျိန္တလီမြို့ပေါ် တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲခြင်းကြောင့် ခရစ်ယာန်ဘုရားကျောင်းတွင် ခိုလှုံနေကြ သည့် စစ်ဘေးရှောင် ၁၄ ထက်မနည်း သေဆုံးခဲ့သည်။

ဖုန်းလိုင်းနှင့် အင်တာနက် ဆက်သွယ်ရေးများ ပြတ်တောက်နေခြင်းကြောင့် သတင်းမီဒီယာများတွင် မှတ်တမ်းတင်နိုင်ခြင်း အားနည်းနေသော်လည်း လူမသိ၊ သူမသိ အရပ်သား ထိခိုက်မှု၊ သေဆုံးမှုများ ဖြစ်ပေါ်လျှက်ရှိသည်။

စက်တင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သံတွဲမြို့အထွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဆောက်အအုံသစ်တွင်ခိုလှုံနေသည့် ကလေးသူငယ်များ အပါအဝင် စစ်ရှောင်ပြည်သူ အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့သည်။ ထိခိုက်ဒဏ်ရာ ပြင်းထန်သူလည်း များပြားခဲ့သည်။

သံတွဲမြို့ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဆောက်အအုံသစ်

အလားတူ စက်တင်ဘာ ၃ ရက် ည ၉ နာရီကျော်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲ ခဲ့သဖြင့် သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာသို့ စစ်ရှောင်ရာမှ ပြန်လည်ရောက်ရှိ နေထိုင်နေသည့် အသက် ၈၀ ဝန်းကျင် အရပ်သား သက်ကြီးရွယ်အို ၁ ဦးသေဆုံးပြီး၊ ၁ဦးဒဏ်ရာရရှိခဲ့သည်။ ( မှတ်တမ်းပုံများ ဖော်ပြနိုင်ခြင်း မရှိခဲ့ပါ)

ထို့ပြင် စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင် သံတွဲမြို့နယ်၊ ပေါက်တူးကျေးရွာ စာသင်ကျောင်းအနီးသို့ လေကြောင်းဗုံးကြဲခဲ့ရာ အနီးရှိ လူနေအိမ်တလုံးပေါ်သို့ ကျရောက်ခဲ့ပြီး ကလေးငယ်အပါအဝင် တမိသားစု တည်းမှ ၃ ဦးသေဆုံးခဲ့ကာ၊ ၃ဦး ဒဏ်ရာပြင်းထန်ခဲ့သည်။

သံတွဲမြို့တွင် ဇွန်လ ၁၄ ရက်ကတည်းက တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက် နေပြီး မြေပြင်နှင့် အဆက်အသွယ်ရရှိနိုင်ရန်နှင့် အရပ်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေများကို လွတ်လပ်သောသတင်းဌာနများတွင် မှတ်တမ်းတင်နိုင်ရန် လွန်စွာခက်ခဲလျှက် ရှိသည်။

တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ တောင်ကုတ်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲမှုများကြောင့် သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာ လဆန်းအတွင်း ကလေးသူငယ်၊ သားသည်မိခင်နှင့် သက်ကြီးရွယ်အိုများအပါအဝင် စုစုပေါင်း အရပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်သည်။ ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ကိုယ်လက်အင်္ဂါပြတ်တောက် ဆုံးရှုံးခဲ့ရ သူများ၊ အိုးအိမ်အသိုက်အမြုံ ဆုံးရှုံးမှုများစွာကို ရင်ဆိုင်နေကြရသည်။

စစ်တပ်လေကြောင်း၏ တိုက်ခိုက်ခြင်းခံရသည့် ဒွါရာဝတီမြို့နယ်ခန်းမ။

စစ်ကောင်စီသည် တောင်ကုတ်မြို့နယ်ကို လေကြောင်းဗုံးကြဲရန် နေပြည်တော်လေတပ်နှင့် ပုသိမ်လေတပ်ကို အဓိက အသုံးပြုပြီးလေ့ရှိကြောင်း Nas- နိုင်ငံတလွှားလေကြောင်းကင်းထောက် (Early Warning) အဖွဲ့မှ တာဝန်ရှိသူတဦးက ဒွါရာဝတီသို့ ပြောသည်။

“တောင်ကုတ်ကိုက ညပိုင်းတွေအများဆုံးတက်တာ နေပြည်တော်လေတပ်နဲ ပုသိမ်လေတပ်၊ အခု မိတ္ထီလာကပါ တက်ပြီး လာကျဲနေရတယ် လေယာဥ်မလောက်လို့၊ ၂ ညရှိပြီ မိတ္ထီလာ-ရှမ်းတဲ လေတပ်က MiG-29 တက်တယ်။ ဒါက ထူးခြားတဲ့လမ်းကြောင်းပဲ ၊ တောင်ကုတ်ကိုကြဲရင် ကံမမြို့နယ်က ဖြတ်လာတာတွေ အကုန်လုံးပဲ” ဟု အထက်ပါပုဂ္ဂိုလ်က ဒွါရာဝတီသို့ ပြောသည်။

စစ်ကောင်စီသည် သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်အတွင်း တိုက်ပွဲများစတင်ခဲ့သည့် ဧပြီနှင့် မေလများတွင် ရခိုင်တောင်ပိုင်းဒေသ၊ သံတွဲမြို့နယ်အတွင်းရှိ သံတွဲလေဆိပ်ကို စစ်ရေးအရ အသုံးပြုကာ လက်နက်အင်အား၊ လူအင်အား အဆက်မပြတ်ဖြည့်တင်းခဲ့သည်။

အလားတူ ရခိုင်တောင်ပိုင်းဒေသနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဧရာဝတီတိုင်းဘက်မှ အနီးဆုံး ဝင်ပေါက်ဖြစ် သည့် ငါးသိုင်းချောင်း-ဂွ ရိုးမဖြတ်ကျော်လမ်းကို အသုံးပြုကာ စစ်လက်နက်အင်အား၊ လူအင်အား အဆက်မပြတ် ဖြည့်တင်းလျှက်ရှိသည်။

အေအေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီသည် ဇွန်လအတွင်း သံတွဲလေဆိပ်ကို လည်းကောင်း၊ ဇူလိုင်လအတွင်း ခလရ ၅၅၊ ခမရ ၅၆၆ စသည့် တပ်ရင်းများကိုလည်းကောင်း၊ စက်တင်ဘာလ အတွင်း မောင်ရွှေလေး ပင်မရေငုပ်တပ်စခန်းကိုလည်းကြောင်း လက်လွှတ်ဆုံးရှုံး ထားရသည်။

အဆိုပါ စစ်စခန်းများသည် ရခိုင်တောင်ပိုင်းဒေသအတွက် စစ်ကောင်စီ၏ အရေးပါဆုံး နေရာများဖြစ်သည်။

ရခိုင်ပြည်နယ်သည် မိုးများသည့်အရပ်ဖြစ်ရာ ရာသီဥတုကြမ်းသဖြင့် မိုးတွင်းကာလတွင် လေကြောင်း ဗုံးကြဲခြင်းများ ကျဲပါးခဲ့သော်လည်း မိုးအကုန် ပွင့်လင်းရာသီရောက်ပါက လေကြောင်းမှ ယခုထက်ပို၍ ဆိုးရွားစွာ တိုက်ခိုက်မည်ကို စိုးရိမ်ရကြောင်း မြေပြင်တွင် မိသားစုနှင့် ဆွေမျိုးသားချင်းများ ကျန်နေခဲ့သည့် သံတွဲဒေသမှ စစ်ဘေးရှောင်လာသူများက ပြောသည်။

စစ်ကောင်စီ၏ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုများကြောင့် သီတင်းကျွတ်ကာလတွင် လူစုလူဝေးနှင့် ပွဲလမ်းသဘက်များ မလုပ်ကြရန် အေအေက အောက်တိုဘာ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button